Showing posts with label မိဘကျေးဇူး. Show all posts
Showing posts with label မိဘကျေးဇူး. Show all posts

Tuesday, 2 April 2013

အမေ


 
ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။

သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။

ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။

သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ

သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။

ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ

ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။

စေတနာမှန်တဲ့ အမေ၊ သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။

သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။

သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ

အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်

နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်။

အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တပေပေ
လင်ဆိုးမယား တဖားဖား

သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ

အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။

ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။


အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမေပြုံးနိုင်ပါစေ ။ ။
ဆက်ဖတ်ရန်

Tuesday, 12 March 2013

အမေ့လက်များ







အမေ့လက်များ


လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက် ပါတယ်။  ပထမ အင်တာဗျူး ဖြေဆိုအောင်မြင်သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။


ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို
 

ညီလေးကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား လို့မေးပါတယ်။
 

မလျှောက်ခဲ့ဘူးဗျ


ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့
 

လူငယ်ခေါင်းခါပါတယ်။
 

မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ



ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ


အမေက ခ၀ါသည်ပါ

လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
 

ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား


ဟင့်အင်း... ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး..ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ... ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက်ပိုမြန်တယ်လေ


သြော်... ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်... ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား... ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ


လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ် ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ပါတယ်။


အဲဒီညမှာ သားအမိနှစ်ယောက် စကားလက်ဆုံကျရင်း အချိန်အတော်ကြာသွားပါတယ်။

နောက်တစ်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရုံးခန်းဆီ သွားပါတယ်။

ဒါရိုက်တာက
ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လဲဆိုတာ ပြောပြနိုင်မလားလို့ မေးတဲ့အခါ လူငယ်ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုလို့နေပါတယ်။

အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်သိသွားပါပြီ... ကျနော့်အမေ မရှိဘဲနဲ့ ဒီကနေ့ ကျနော်ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး... တစုံတရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျနော့်အမေကို ကူညီရင်း အခုမှသိရတာပါ.... မိသားစုကို ကူညီထောက်ပံ့ခြင်းရဲ့ အရေးကြီးမှုနဲ့ အဖိုးအခကြီးမှုတွေကိုလည်း တန်ဖိုးထားသိမြင်လာရပါတယ်

လူငယ်ရဲ့အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါတယ်။
 

ဒါဟာ အစ်ကိုလိုချင်တဲ့ မန်နေဂျာမှာရှိရမယ့် စိတ်နေသဘောထားပါပဲ... အစ်ကို အလုပ်ခန့်ချင်တာက တခြားလူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့ လူမျိုး၊ အလုပ်ကိစ္စတွေ ပြီးမြောက်ဖို့ တခြားလူတွေရဲ့ အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့
လူမျိုး၊ ငွေကို ဘ၀ရဲ့ပန်းတိုင်လို သဘောမထားတတ်တဲ့လူမျိုးပါ... ညီလေးကို အလုပ်ခန့်လိုက်ပါပြီ


လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ်။ သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ လူငယ်ရဲ့ ၀န်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ၀ီရီယထား ကြိုးစားကြတယ်။ ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတက်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။

ဖြစ်ရပ်ကလေးက ဒါပါပဲ။

ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက် အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားတဲ့ အတ္တစိတ်တွေ ဖွံ့ဖြိုးလာတတ်တယ်။ သူ့ကိုယ်သူ အမြဲရှေ့တန်းတင်လာတတ်တယ်။ သူ့နောက်ကနေ ထောက်ပံ့နေတဲ့ မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။ သူအလုပ်လုပ်တဲ့အခါ သူ့စကားကို အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ်။ သူ မန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့ အခက်အခဲ ဒုက္ခတွေကို စာနာ နားလည်ပေးလိမ့်မှာ မဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်ကြပါလိမ့်မယ်။ ဘ၀မှာ ခဏတဖြုတ် အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ်။


ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပိုမိုတဲ့ လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။ အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။ ကဲ ဒီလိုဆို ကျနော်တို့ဟာ ကလေးတွေကို စိတ်တိုင်းကျ အလိုလိုက်ပြီး အမြဲကာကွယ်ပေးနေတတ်တဲ့ မိဘတွေဖြစ်နေရင် ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား.... ဒါမှမဟုတ် အဲဒီအစား ကိုယ့်ကလေးကိုယ် ဖျက်ဆီးနေကြတာများလား ? ? ?


သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်။ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်။ စန္ဒရားတီးတတ်အောင် သင်ပေးနိုင်တယ်။ ကြီးမားတဲ့ ဖန်သားပြင်ရှိတဲ့ ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်။ ဒါပေမဲ့ သင့်အိမ်ခြံဝင်းထဲက မြက်တွေ ရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲဒီအတွေ့အကြုံနဲ့ ထိတွေ့ခွင့်ပေးပါ။ ထမင်းစားပြီးတဲ့အခါမှာ စားပြီးသား အိုးခွက်ပန်ကန်းတွေဆေးဖို့ သူတို့အစ်ကိုအစ်မတွေနဲ့အတူ ၀ိုင်းဝန်းလုပ်ခွင့်ပေးပါ။ ဒါက အိမ်ဖော်ငှားဖို့ ပိုက်ဆံမရှိလို့ ဒီလိုလုပ်ရတာမဟုတ်ပါဘူး။ သင်က သူတို့ကို သင့်မြတ် မှန်ကန်တဲ့နည်းနဲ့ ချစ်ရာရောက်အောင်လို့ပါ။


မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ.. တစ်နေ့မှာ အထက်ပါ ဖြစ်ရပ်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။ အရေးကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်... အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမယ်... ပြီးတော့ အရာကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။

မိတ်ဆွေ.... ဒီဖြစ်ရပ်ကလေးကို တတ်နိုင်သလောက်များများ မျှဝေဖို့ ကြိုးစားပါ။ ဒီဖြစ်ရပ်ကလေးကို သိရတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀ကံကြမ္မာဟာ ထူးထူးခြားခြား ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်။

The Real Singapore
မှ
ဆက်ဖတ်ရန်

Saturday, 2 March 2013

တုနှိုင်းမဲ့ မိခင်မေတ္တာ

စိတ်မကောင်းလိုက်တာဗျာ တရုတ်နိုင်ငံမှာ  ငလျင်လှုပ်တုန်းက  မိခင်တစ်ယောက်က
အောက်ကသူ့သားလေးပိမှာစိုးလို့ကာထားပေးတာပါတယ်ကယ်ဆယ်ရေးတွေရောက်
လာတဲ့အချိန်မှာတော့ကျောက်ချပ်နံရံကမိခင်ရဲ့ကျောကုန်းနဲ့ဦးခေါင်းပေါ်မှာပိကျသေ

ဆုံးနေပါပြီ။သာမန်အားကောင်းမောင်းသန်ယောက်ျားတွေအရေးကြုံရရင်ဘာလုပ်လို့

လုပ်ရမှန်းမသိ  ဖြစ်တတ်ပါတယ်။   ဒီအမျိုးသမီးကတော့  သားသမီးအတွက် ၁စကန့်
လောက်အချိန်တွင်မှာကာကွယ်ပေးဖို့ဆုံးဖြတ်ချက်ကိုချနိင်ခဲ့တာဘာလို့လဲ။





သူပာာ....................မိခင်ဖြစ်နေလို့လေ။ဒါကြောင့်အမျိုးသမီးတွေကိုအထင်မသေးကြ
ပါနဲ့ဗျာ။အမျိုးသမီးတွေဆိုတာလူသားတွေ၇ဲ့မိခင်တွေနဲ့မိခင်ဖြစ်လာမယ့်လူတွေချည်းပ
ဗျ့၊ဒါကြောင့်အမျိုးသမီးတွေ ကိုနှိမ့်ချမဆက်ဆံကြပါနဲ့.........
ဆက်ဖတ်ရန်

Friday, 4 January 2013

မိဘကျေးဇူး


ကျွန်တော်တို့တွေ အားလုံး အမေ့ဆုံးသော အရာတစ်ခု ရှိပါတယ်။ အခြား မဟုတ်ပါဘူး။ မိဘကျေးဇူးဆပ်ခြင်း ဆိုတာပါပဲ။ မိဘတွေရဲ့ ကျေးဇူးကို ဆပ်ရမယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိကြပါတယ်။ ကလေးဘ၀ ကတည်းက ပုံပြင်တွေ၊ ကဗျာတွေ၊ အမျိုးမျိုး သင်ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာကြောင့် အခုချိန်ထိ မိဘ ကျေးဇူးကို ဆပ်ဖို့ အကောင်အထည် မဖေါ်ကြတာလဲ??၊ မေ့လျှော့ ပေါ့ဆ နေကြတာလဲ??၊ မမေ့လျှော့တဲ့ သူတွေကရော ဒါလေးလုပ်ဖို့ကို ဘာကြောင့် ရေးကြီးခွင့်ကျယ် လုပ်နေကြရတာလဲ??။ ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ ကိုယ်ဖက်က ပြည့်စုံမှ ဆပ်မှာလား?။ အဲဒီလို လုပ်လို့တော့ မရပြန်ဘူးဗျ။ ကျွန်တော်တို့က တဖြည်းဖြည်း ရင့်ကျက် တည်ငြိမ်လာပြီး ပြည့်စုံလာတယ် ပဲထားအုံး မိဘတွေရဲ့ အသက်ကရော၊ ရပ်နေမှာမှမဟုတ်တာ။ သူတို့တွေလည်း အသက်တွေ ကြီးလာမှာပဲ။ ဒီလိုနဲ့ ကျေးဇူးဆပ်ဖို့ ပြင်နေရင်းနဲ့ပဲ မဆပ်လိုက်ရတဲ့ သားသ္မီးတွေလည်း တစ်ပုံကြီးရှိပါတယ်။ မိခင် ဒါမှမဟုတ် ဖခင် တစ်ဦးသာ ရှိတော့တဲ့သူတွေ ဆိုရင် ပိုပြီးတောင် အလေးအနက် ထားသင့်ပါတယ်။ မိဘထက် အရေကြီးတဲ့သူ၊ မိဘထက် ကျေးဇူးကြီးတဲ့သူ ဆိုတာ ရှိနိုင်ပါ့မလား။ မိဘကျေးဇူး ဆပ်ခွင့်ရတယ်ဆိုတာ တော်ရုံတန်ရုံ အခွင့်အရေးတော့ မဟုတ်ပါဘူး။ ၀မ်းတွင်မှာ သန္ဓေ စပြီး တည်ကတည်းနေ အခုချိန်ထိ မိဘဆီက မှီခိုမှု ကင်းအောင် ဘယ်လောက် နေနိုင်ပြီလဲ။ အခုချိန် ချွတ်ခြုံကျသွားရင်ရော မိဘကလွဲပြီး ကျွန်တော်တို့ကို ဘယ်သူကများ လက်ခံမှာတဲ့လဲ..........။




  • သည်ကနေ့ မင်းဖြစ်နေသမျှ၊ နောက်တစ်နေ့ မင်းဖြစ်မယ်လို့ မျှော်မှန်းနိုင်သမျှ အားလုံး မင်းမိဘ ကျေးဇူကြောင့်။

  • ငါ့ဘ၀တွင် ရတနာသုံးပါးသည် နိဗ္ဗာန်၊ အမေသည် အသက်သခင်၊ အဖေသည် မီးရှူးတိုင်၊ ဆရာသည် လမ်းပြကြယ်။

  • ငါ့ဘ၀တွင် ငါ့မိဘသာ ရှိနေပါစေ။ ဒုက္ခဟူသမျှ လက်ပြခေါ်ပါ့မယ်။

  • ငွေနဲ့ အရာရာကို ဖန်တီးယူနိုင်တယ်တဲ့။ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မိဘတို့ရဲ့ မေတ္တာ၊ စေတနာ၊ အနစ်နာခံမှု တွေကိုတော့ ငွေနဲ့ လဲလို့ မရပါဘူး။

  • မိခင်တိုင်းရဲ့ရင်ခွင်ဟာ သားသ္မီးတိုင်းအတွက် ဆောင်းမှာ နွေးထွေးမှုကို ပေးနိုင်သလို နွေမှာလည်း အေးမြမှုကို ပေးစွမ်းနိုင်ပါတယ်။

  • အပူမီးကုဋေ အမေ့ရင်မှာ ၀န်းရံသော်လည်း အပြုံးမပျက် သားမှေးဆက်ရန် သားချော့တေးသံ ရင်တွင်းမှာလေ လှိုက်လှိုက်လှဲလှဲ သီဆိုဆဲပါလေ။

  • လပြည့်ည လ၀န်းထက် အမေ့မျက်ဝန်းက ပို၍ စိုရွှန်းတောက်ပ၏။

  • ငါ့ရဲ့ပထမအချစ်က မိခင်၊ ဒုတိယနှလုံးသား ကဖခင်။

  • လောကမှာ မိမိအပေါ် ဘယ်သူတွေ မေတ္တာပျက်ပျက်၊ မိဘနှစ်ပါးက မေတ္တာမပျက်ဘူး။








  • စီးပွားရေး တောင့်တင်း ခိုင်မာသူတို့သည် မိဘအား ထောက်ပံ့ ကြည့်ရှုနိုင်ခြင်းဟူသော ကြီးမားသော ဆုလဘ်ကို ရရှိကြသည်။

  • မသိတတ်ခင်က မိဘကို စိတ်ညစ်စေတာကို ထားလိုက်တော့။ အခု သိတတ်ပြီ။ မိဘကို ပျော်ရွှင်ပါစေတော့။

  • မိဘကျေးဇူးကို ဆပ်ခွင့်ရတုန်းမှာ အရအမိဆပ်ပါ။

  • မိဘ၊ ဆရာရဲ့ မေတ္တာကို အောင်မြင်မှုနဲ့ ကျေးဇူးဆပ်တာအကောင်းဆုံး။
  •  
     

ဆက်ဖတ်ရန်
Related Posts Plugin for WordPress, Blogger...
back to top