Monday 25 February 2013

နေပြည်တော်မှ ဘုန်းကြီးကျောင်း ၂၆ ကျောင်းအား ဖယ်ရှားမည်

monks rangoon
နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်းအား ဖယ်ရှားခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဟု နေပြည်တော် သာသနာရေး ဦးစီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နေပြည်တော် ကောင်စီ နယ်မြေ ဇမ္ဗူသီရီ၊ ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဘုန်းကြီး ကျောင်း ၂၆ ကျောင်းအား ဖယ်ရှား ပေးရန် သာသနာရေး ဦးစီးမှ ထုတ်ပြန်ခဲ့ရာ ဖယ်ရှားခြင်း မရှိသည့် အတွက် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပျဉ်းမနားမြို့ ပါဠိ တက္ကသိုလ်ကျောင်းရှိ ဝိနိစ္ဆယ ခုံရုံးသို့ ဆင့်ခေါ် ခဲ့ရာ အဆိုပါ ဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ ဘုန်းကြီးကျောင်း ၂၆ ကျောင်းမှ သံဃာတော်များက နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့သို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အသနားခံစာ လျှောက်ထားခဲ့ကြောင်း၊ ယင်း အသနားခံစာနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့မှ နေပြည်တော် သာသနာရေး ဦးစီးသို့ ညွှန်ကြားချက် တစ်စုံတစ်ရာ ပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် ဘုန်းကြီးကျောင်းများ ဖယ်ရှားရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

”အခုလို ဆင့်ခေါ်တာကလည်း နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က အတည်မပြုဘဲ မခိုင်းဘဲနဲ့ လုပ်လို့ မရဘူး။ မြို့နယ်၊ တိုင်း၊ နိုင်ငံအဆင့် သံဃာ့အဖွဲ့အစည်းတွေ က အတည်ပြုလို့ သာသနာရေး ဌာနက ဆောင်ရွက်ရတာပါ” ဟု ၄င်းက ဆက် ပြောသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ MJN ရုံးခန်း၌ ဘုန်းကြီးကျောင်း ၂၆ ကျောင်းမှ သံဃာတော် အချို့က စာနယ်ဇင်း ရှင်းလင်းခဲ့ရာ၌ သာသနာရေးမှ ဆင့်ခေါ်မှုကို မသွားခဲ့ဟု မိန့်သည်။

ဖယ်ရှားရမည့် ကျောင်း ၂၆ ကျောင်းနှင့်အတူ တည်ရှိနေသော ကျောင်း ၇ ကျောင်းကိုမူ မြို့နယ် သံဃ မဟာနာယက၏ ထောက်ခံချက်ဖြင့် ဆက်လက် တည်ရှိနေကြောင်း သံဃာတော် တစ်ပါးက မိန့်သည်။ ”မြေ ပြန်ပေးမယ်၊ ကျောင်း ပြန်ဆောက်ပေးမယ် ဆိုရင်တော့ သဘောတူတယ်”ဟု အထက်ပါ သံဃာက မိန့်သည်။

၎င်း ဘုန်းကြီးကျောင်း ၂၆ ကျောင်းအား ဘုန်းတော်ကြီး ကျောင်းအဖြစ် အသိအမှတ် မပြုရန် ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် ကျင်းပသည့် ဆဋ္ဌမ အကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (၄၇) ပါး စုံညီ သတ္တရသမ အစည်း အဝေး၌ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အထက်ပါ ဆုံးဖြတ်ချက်အတွက် ယင်းကျောင်းများမှ သံဃာများက ၄င်းတို့အား ဝါဆို သံဃာ စာရင်းဝင်ကျောင်းများ အဖြစ် သတ်မှတ်ပေးရန် ယခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပထမအကြိမ် အဖြစ် ကမ္ဘာအေးရှိ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့သော်လည်း တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
YOYARLAY မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top