Sunday 3 March 2013

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားများ Levy ကြေး ကိုယ်တိုင် ပေးဆောင်ရတော့မည်


မလေးရှားအစိုးရအဖွဲ့မှ ၁၉၉၂ ခုနှစ် နိုင်ငံခြားသား အလုပ်သမား ပေါ်လစီအား ပြန်လည်ကျင့်သုံးရန် သဘောတူညီ ခဲ့ပြီးနောက် အဆိုပါ ပေါ်လစီအရ လက်ရှိ ကျင့်သုံးနေသော Levy ကြေးအား အလုပ်ရှင်များက ပေးဆောင်ရ သည့် အနေအထားမှ အလုပ်သမားများ ကိုယ်တိုင် ပေးဆောင်ရမည့် အနေအထားသို့ ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် မလေးရှား နိုင်ငံတွင်းမှ တရားဝင် အလုပ်လုပ် ကိုင်နေကြ သည့် နိုင်ငံခြားသား အလုပ်သမားများ ပါမစ် သက်တမ်းတိုးသည့် အချိန်မှ စတင် သက်ရောက် မည်ဖြစ်ပြီး အသစ်ရောက် ရှိလာသည့် နိုင်ငံခြား သား အလုပ်သမားများ အနေဖြင့် ပါမစ်ရရှိပြီး ချိန်မှစ၍ စတင် သက်ရောက်မည်ဖြစ်သည်။

ပါမစ်သက်တမ်းတိုးရာတွင် ရိုးရိုး Work pass, employment pass နှင့် ယာယီ အလုပ် လုပ်ခွင့် ပါမစ်များပါ အကြုံးဝင်မည် ဖြစ်သည်။ အဆိုပါ ပေါ်လစီအရ အလုပ်ရှင်များ အနေဖြင့် နိုင်ငံခြားသား အလုပ်သမားများကို ခန့်ထားရာ တွင် စရိတ်စက အနည်းငယ် သက်သာသွားမည် ဖြစ်သည်။ ယခု မလေးရှား တစ်နိုင်ငံလုံးတွင် ကျင့်သုံးမည့် အနည်းဆုံးလစာ သတ်မှတ်ခြင်းအရ နိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံခြားသား အလုပ်သမားများ၏ အခြေခံလစာမှာ ပျှမ်းမျှ ၃၀% မှ ၅၀% တိုးမြှင့်သွားမည်ဖြစ်ပြီး အရေအတွက် အားဖြင့် ရင်းဂစ် ၆၀၀-၇၀၀ မှ ရင်းဂစ် ၉၀၀ သို့ တိုးမြှင့်ခြင်း ခံရမည် ဖြစ်သည်။


ထို့အပြင် တိုးမြှင့်လိုက်သော အခြေခံ လစာအပေါ် မူတည်၍ အချိန်ပို လုပ်အားခပါ တိုးမြှင့်လာပြီး တစ်လ ၀င်ငွေ စုစုပေါင်း ပျှမ်းမျှ ရင်းဂစ် ၁၂၀၀ မှ ရင်းဂစ် ၁၅၀၀ အတွင်း ရရှိမည် ဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင်များ အနေဖြင့် ခန့်အပ်ထားသော အလုပ်သမားများ၏ လစာကို ရင်းဂစ် ၃၀၀ မှ ရင်းဂစ် ၅၀၀ အတွင်း တိုးမြှင့် ပေးချေရမည် ဖြစ်သဖြင့် ယခင် အလုပ်သမား အတွက် ပေးဆောင်နေရသည့် Levy ကြေးအား အလုပ်သမားများက ပေးဆောင် ရမည် ဖြစ်သည်။

Levy ကြေး ပေးဆောင်ရမည့် ပေါ်လစီ သည် မလေးရှားနိုင်ငံအတွင်း ၁၉၉၂ ခုနှစ်မှ စတင်ကျင့်သုံးခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ အလုပ် သမားများ ကသာ ပေးဆောင်ခဲ့ရပြီး ၂၀၀၉ ခုနှစ်မှ စတင်၍ မလေးရှား အစိုးရမှ အလုပ်ရှင်များအား ကျခံစေရန် ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း ကျင့်သုံးခဲ့သည့် တရာမ၀င် အလုပ်သမား ပပျောက်ရေး 6P အစီအစဉ်အရ တရားဝင် အလုပ်သမားဦးရေ တိုးတက်လာခြင်း နှင့်အတူ အလုပ်ရှင်များဖက်မှ Levy ကြေး ပေးဆောင်ရသည့် ပမာဏ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် အစိုးရ အနေဖြင့် အလုပ် သမားများအား လစာတိုးမြှင့်ပေးခြင်းဖြင့် Levy ကြေးအား ကိုယ်တိုင်ပေးဆောင်ရန် သတ်မှတ် လိုက်ခြင်းကြောင့် အလုပ်ရှင်များဖက်မှ စရိတ်စက အချို့ကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုစရိတ် သက်သာခြင်းကြောင့် ကုန်ဈေးနှုန်း ကျဆင်းလာမည်ဟု မျှော်လင့်ထား ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံအတွက် အခွန်ငွေ တိုးတက်လာနိုင်မည်ဖြစ်ပြီး နှစ်စဉ် ရင်းဂစ် ၂.၁ ဘီလျံ ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရ သည်။

အလုပ်ရှင်များဖက်မှ အစိုးရ၏ အထက်ပါ အစီအစဉ်အား ကြိုဆိုလိုက်သော်လည်း Malaysian Trades Union Congress က အဆိုပါ အစီအစဉ်၏ အားနည်းချက်များကို ဝေဖန်သွား ကြောင်း သိရှိရသည်။ မလေးရှားအစိုးရ၏ အစီအစဉ်သည် အလုပ်ရှင်များဖက်မှ စရိတ်စက သက်သာစေရန် သက်သက်သာ ရည်ရွယ်ပြီး အလုပ်သမားများ အတွက် ၀န်ထုတ်ဝန်ပိုးတစ်ခု ဖြစ်စေနိုင်ကြောင်း ထောက်ပြသွားသည်။

ထို့အပြင် အစိုးရအနေဖြင့် Levy ကြေးအား ကိုယ်တိုင်ပေးဆောင်ရမည့် နိုင်ငံခြားသား အလုပ်သမားများ၏ တခြား လိုအပ်ချက်များ [EPF(Employee Provident Fund) နှင့် Socso (Social Security Organisation)] ကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း အကြံပြုသွားခဲ့သည်။ အလုပ်ရှင်အများစုက အစိုးရ၏ အစီ အစဉ်အား ကြိုဆိုလိုက်သော်လည်း မလေးရှား နိုင်ငံ၏ အကြီးမားဆုံး မီနီမတ် စီးပွားရေး လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် KK Mart Group ကမူ အဆိုပါ အစီအစဉ်သည် ၎င်းတို့ အတွက် အကျိုး မရှိကြောင်း ပြောဆိုသွားသည်။

၎င်းတို့ အနေဖြင့် နိုင်ငံခြားသား အလုပ်သမား များအား နေစရာ၊ အကြိုအပို့ စီစဉ်ပေးထားသည့် အပြင် စားစရိတ်ပါ ပေးထားသဖြင့် လစာတိုးမြှင့် ပေးရခြင်းအတွက် အဆိုပါ စရိတ်စကများကို အလုပ်သမားများ အိတ်စိုက်ကျခံသင့်ကြောင်း ဝေဖန်သွားသည်။ လက်ရှိအချိန်တွင် KK Group ၌ အလုပ်လုပ်နေသော နိုင်ငံခြားသား အလုပ်သမား ၅၀၀ ကျော်အား တစ်ရက် ၁၂ နာရီ အလုပ်ချိန် အတွက် အခြေခံလစာ ၉၀၀ ရင်းဂစ် ပေးချေ ထားကြောင်း၊ အစိုးရ၏ အနည်းဆုံး လစာ ပေါ် လစီ သက်ရောက်ပြီး နောက်ပိုင်းတွင် အဆိုပါ အလုပ်သမားများ၏ လစာမှာ ၁၄၀၆ ရင်းဂစ်သို့ တိုးမြှင့်ပေး ချေရမည် ဖြစ်သည့်အတွက် အလုပ် သမားများ အတွက် ပံ့ပိုးထားသည့် နေစရာ အဆောက်အအုံ၊ အကြိုအပို့ စသည့် စရိတ်စက များပါ ဆက်လက် ကုန်ကျမည်ဆိုလျှင် ၎င်းတို့ အတွက် ပို၍ အခက်အခဲ ဖြစ်စေကြောင်း ပြောဆိုသွားသည်။

အလုပ်သမား ၅၀၀ ကျော် အတွက် တစ်လစာ လစာငွေ ပေးချေရမည့် ပမာဏမှာ ပေါ်လစီ သက်ရောက်ပြီး နောက်ပိုင်းတွင် ရင်းဂစ် ၂၅၀,၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ပြောပြသွား သည်။ တချို့သော အသေးစား စီးပွားရေး လုပ်ငန်းများမှ လုပ်ငန်းရှင်များကမူ ၎င်းတို့၏ အလုပ်သမားများကို Levy ကြေး ကိုယ်တိုင် ပေးဆောင်စေလိုခြင်း မရှိကြောင်း သိရသည်။

ပေါ်လစီ မသက်ရောက်မှီ နိုင်ငံခြားသား အလုပ် သမားအတွက် အလုပ်ရှင်မှ ပေးဆောင်ရသည့် တစ်နှစ်စာ Levy ကြေးမှာ တစ်ဦးလျှင် [Services Sector - ရင်းဂစ် ၆၀၀ - ရင်းဂစ် ၁၈၅၀၊ Plantation - ရင်းဂစ် ၅၉၀၊ Manufacturing & amp; Construction Sector- ရင်းဂစ် ၁၂၅၀) ဖြစ်ကြောင်း သိရှိရသည်။

ယခု ကျင့်သုံးမည့် Minimum Wage ပေါ်လစီအရ အဆိုပါ Levy ကြေးအား အလုပ်သမား ကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်ပြီး တိုးမြှင့်ခံရမည့် လစာငွေမှာ အနောက်ဖက် ပင်နီဆူလာ ကျွန်းဆွယ်တွင် အလုပ်သမား တစ်ဦးလျှင် လစာငွေ အနည်းဆုံး တစ်လလျှင် ရင်းဂစ် ၉၀၀ ရရှိမည်ဖြစ်ကာ အရှေ့ဖက် ဆာဗား နှင့် ဆာရာဝါ့ တွင် ရင်းဂစ် ၈၀၀ အနည်းဆုံး ရရှိမည်ဖြစ်သည်။

အလုပ်သမား အာမခံကြေးမှာ နိုင်ငံခြားသား အလုပ်သမားတစ်ဦးအတွက် ရင်းဂစ် ၇၂ မှ ရင်းဂစ် ၂၀၀ ထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်သမားများ အတွက် နေစရာနှင့် အကြိုအပို့စရိတ်အား အလုပ်ရှင်မှ ကျခံရမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် မလေးရှားနိုင်ငံအတွင်း အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ် အလုပ်လုပ် ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမားများအတွက် တိုးမြှင့်ခံရမည့် လစာငွေနှင့် Levyကြေး ပေးဆောင်ရမည့် ပမာဏပေါ် မူတည်၍ အကျိုးရှိနိုင်သော်လည်း အများစုမှာ အေးဂျင့်များ မှတဆင့် အလုပ်ရှင်နှင့် ဆက်သွယ် အလုပ်လုပ်နေကြသည့် အတွက် အဆိုပါ အစီအစဉ်သည် ၎င်းတို့အတွက် အကျိုးရှိနိုင် မဟုတ်ဟု စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားတစ်ဦးက ပြောဆို သွားပါသည်။

၎င်းအား အလုပ်ရှင်မှ အလုပ်ချိန် ၁၂ နာရီအတွက် တစ်လ လစာ ရင်းဂစ် ၁၂၀၀ အား အေးဂျင့်၏ ဘဏ်စာရင်းအတွင်း လစဉ် ထည့်သွင်းပေးပြီး အေးဂျင့်မှ ၎င်းအား ရင်းဂစ် ၉၀၀ သာ ပေးချေကြောင်း ပြောပြ သွားပါသည်။ ထို့ကြောင့် တိုးမြှင့် ခံရမည့် လစာငွေများမှာ အဆိုပါ အလုပ်သမားများ အတွက် အကျိုးမရှိနိုင်ပဲ အေးဂျင့်များ အတွက်သာ အကျိုးရှိနိုင်ကြောင်း၊ ၎င်းတို့၏ Levy ကြေးကိုလည်း အေးဂျင့်ကသာ ပေးဆောင်ပြီး ပိုလျှံသည့် လစာငွေအား အေးဂျင့်ကသာ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ညည်းညူပြောဆို သွားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top